Saturday, March 15, 2014

Fwd: NDF ပါတီကြေညာချက် ကျောက်ဖြူစက်မူဇုန်နှင့် မီးရထားလမ်းကိစ္စ



အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ကြေငြာချက်အမှတ်     ၂ /၂၀၁၄

 

                                                            ရက်စွဲ ။                 ၂၀၁၄ခုနှစ်၊ မတ်လ(၁၀)ရက်

 

ပြည်ထောင်စုမြန်မာနိုင်ငံ အနောက်ဘက် ဒေသဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း " ရွှေ" ကမ်းလွန် ဓါတ်ငွေ့တူးဖော်ထုတ်လုပ်နိုင်မှု၏အကျိုးဆက်အဖြစ် ၁၂၀ စတုရန်းကီလိုမီတာအကျယ်အ၀န်းရှိ ကျောက်ဖြူ အထူးစက်မှုဇုံကို ရမ်းဗြဲကျွန်းပေါ်တွင် တည်ဆောက်တော့မည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန်၊ အရှေ့အလယ်ပိုင်းနှင့်အာဖရိကဒေသမှ ရေနံတင်သဘောင်္ကြီးများ ဆိုက်ကပ်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုလည်း တည်ဆောက်နေပြီ ဖြစ်သည်။  တဆက်တည်းတွင် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်သို့ အဆိုပါ ရေနံနှင့် အခြားသော သံနှင့်သံမဏိပစ္စည်းများ သယ်ယူနိုင်ရန် ကီလိုမီတာ ၈၀၀ အရှည်ရှိ မီးရထားလမ်းကို မြန်မာ့မီးရထားနှင့် တရုတ်အစိုးရပိုင် CITIC အုပ်စုတို့ ၂၀၁၁ ဧပြီလက လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့သည့်အတိုင်း ယခုအခါ လုပ်ငန်းများ အစပြုနေပြီဖြစ်သည်။

 

         ကျောက်ဖြူစက်မှုဇုံတွင် ရေနံချက်စက်ရုံနှင့် ရေနံဓါတုစက်ရုံများ၊ သတ္တုသန့်စင်စက်ရုံများ၊ သင်္ဘောကျင်း များ၊ ရေထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် အထည်အလိပ်၊ ကားအပိုပစ္စည်းစက်ရုံများ စသည်တို့ ပါဝင်နေပါသည်။ စက်မှုဇုံနေရာအတွက် မြေသိမ်းယူမှုကြောင့် လူဦးရေုနှစ်သိန်း ရှိသည့် ကျောက်ဖြူမြို့နယ်တွင် လောလောဆယ် ရွာပေါင်း ၄၀ ကျော် ဖယ်ရှားခံနေရပြီး ထိုက်တန်သော လျော်ကြေးမရရှိသည့်အပြင် ပြန်လည် နေရာချထားပေးမှုများလည်းမရှိပါ။ ထို့အပြင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျခံ ဖောက်လုပ်မည့် ရထားလမ်း( နောင်အခါ ကားလမ်း အပါအ၀င်တို့ ) သည် အမ်း၊ မင်းဘူး၊ မကွေး၊ မန္တလေး၊ လားရှိုးနှင့် မူဆယ်မြို့နယ်များကို ဖြတ်သန်းတည်ရှိမည်ဖြစ်သည်။ ဤတွင် မရှောင်မလွှဲသာ မြေယာသိမ်းဆည်းမှုများ၊ လမ်းအူကြောင်းဖောက်ရန်အတွက် သစ်ခုတ်ခွင့်နှင့်ယင်းသစ်ခုတ်ခွင့်ကို အသုံးချ၍ စီးပွားဖြစ်အလွန်အကျွံ ထုတ်ယူလာနိုင်မှုများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုတို့ ဖြစ်လာနိုင်ပါသည်။

 

စက်မှုဇုံရှိ စက်ရုံများမှထွက်ရှိသော သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေမည့် အန္တရာယ်များမှာလည်း တွက်ဆ၍မရနိုင်ပါ။ ထိုင်းနိုင်ငံတွင် အလားတူ စက်မှုဇုံများ၏ဆိုးကျိုးများကြောင့် ပတ်ဝန်းကျင်လူထုအား ကင်ဆာရောဂါအပါအ၀င် ရောဂါဘယထူပြောသည့်ဒဏ် ခံနေရခြင်းကို သင်ခန်းစာယူ၍ ဤကြိုတင်ကာကွယ်ရေး အစီအမံများ ပြုလုပ်သင့်ပါသည်။ ၄င်းအပြင် သဘာဝအန္တရာယ်များ ဖြစ်ကြသော ဆိုင်ကလုန်းနှင့်ဆူနာမီဒဏ်တို့ ကို အကာအကွယ်ပြုနိုင်သည့် သဘာဝမျိုးအဏုဇီဝနှင့် ဇီဝမျိုးစိတ်တို့မှီခိုရာ မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး ဒီရေတောများ ပြုန်းတီးမှုကို အကာကွယ်ပေးနိုင်သည့် အနေအထားအစီအမံတို့သည်လည်း ပါရှိခြင်းရှိကြောင်း မတွေ့ရှိရပါ။  

 

 

 

 

 

 -၂ -

 

         အဆိုပါစက်မှုဇုံကုန်ထုတ်လုပ်ငန်းများ ၊ ရေနက်ဆိပ်ကမ်းနှင့် ရထားလမ်း ၊ကားလမ်းတို့ကို BOT စနစ်ဖြင့် ရာစုနှစ်ဝက်၊ အနှစ် (၅၀) တိုင်တိုင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားသက်သက်အောက်တွင်သာ တိုက်ရိုက် ရှိနေမည်ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသားအကျိုးစီးပွား ထိန်းသိမ်းစောင့်ရှောက်ရေး ရှုဒေါင့်မှကြည့်လျှင်လည်း၊ စီးပွားရေးအချုပ်အခြာအာဏာလုံခြုံမှုကို  ပွန်းပဲ့တိုက်စားခံရမည့် အလားအလာ ပေါ်လာနိုင်စရာ ရှိနေပါသည်။ ဤသို့သော အနေအထားတွင် ဒေသခံပြည်သူတို့၏ လူနေမှုဘ၀များ နစ်နာမှုများ၊ အလုပ်အကိုင်အခွင့်အလမ်း စသည်တို့ ဆုံးရှုံးရမှုများ  မြန်မာနိုင်ငံ၏သဘာဝပတ်ဝန်းကျင်အား ရေရှည်ထိခိုက်ပျက်စီးနိုင်မှုများ၊ ရထားလမ်း/ကားလမ်း ၊ စက်မှုဇုံနှင့် ရေနက်ဆိပ်ကမ်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်စေနိုင်မည့် ကုန်ထုတ်စီးပွားဖြစ်စဉ်နှင့် မဆက်စပ်ဘဲ သီးခြားလွတ်ကင်းစွာ ရပ်တည်ဆောင်ရွက်နေမည့် အခြေအနေများသည် နှစ်နိုင်ငံဆက်ဆံရေးတွင် မမျှမတရာရောက်လာနိုင်မည့်အရေးကို ကျွန်ုပ်တို့  အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီမှ စိုးရိမ်မကင်းဖြစ်မိပါသည်။

သို့ပါ၍ -

(က)   CITIC ကုမ္ပဏီလုပ်ငန်းစုနှင့်မြန်မာအာဏာပိုင်တို့မှ အဆိုပါ စက်မှုဇုံ၊ ရေနက်ဆိပ်ကမ်းနှင့် ရထားလမ်း၊ကားလမ်း စီမံချက်များကို ပြည်သူသို့ ပွင့်လင်းမြင်သာစွာ ချပြပေးရန်။

(ခ)     စီမံကိန်းအတွက် ပြောင်းရွှေ့ခံပြည်သူများအား ယင်းတို့၏ သဘောဆန္ဒအရ ညှိုနှိုင်းပြေ လည်စေရန်နှင့် အတင်းအကြပ် ပြောင်းရွှေ့ခြင်းမပြုရန်။

(ဂ)     သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စများကို စောင့်ရှောက်အကာ အကွယ်ပေးရန်နှင့် လူမှုရေးအဖွဲ့အစည်းများ၏ စောင့်ကြည့်လေ့လာရေးအစီအမံများ ပါဝင် စေရန်။

(ဃ)   ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးဘ၀များ မဆုံးရှုံးစေရန်အတွက် စက်မှုဇုံအတွင်း    အလုပ်အကိုင် အခွင့်အလမ်းများ ဖြန့်ကျက်ချထားရေး အစီအမံများ ဖြည့်ဆည်းပေးရန် ။

စသည်တို့ကို နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှ အဆောတလျင် ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ပါသည်။  

 

 

                 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

                                                             အမျိုးသားဒီမိုကရေစီအင်အားစု


No comments:

Post a Comment