Thursday, January 2, 2014



( ၇၆ ) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်သို့ ပေးပို့သောအမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ နှုတ်ခွန်းဆက်သ၀ဏ်လွှာ

ချစ်ခင်လေးစားအပ်ပါသော KNU / KNLA ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်များ၊ အရာရှိ စစ်သည်များ၊ ဧည့်သည်တော်များနှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများအားလုံးအား ယနေ့ ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်နေ့၌ ကျရောက်သော မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် ကရင်အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော် အခါသမယတွင် ငြိမ်းချမ်းသာယာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လေးစား ချစ်ကြည်စွာ နှုတ်ခွန်းဆက်သလိုက်ပါသည်။

KNU / KNLA ငြိမ်းချမ်းရေးကောင်စီ၊ (ထို့ကော်ကိုး) နော်တထာမြို့ တော်၌ (၇)ကြိမ်မြောက်ကျင်းပ ပြုလုပ်သည့် (၇၆)ကြိမ်မြောက် ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်နိုင်ရန် ဖိတ်ကြားခဲ့ခြင်း အတွက် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနေဖြင့် အထူးပင်ကျေးဇူးတင်၊ ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၆၀)ကျော်အတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ မကျေလည်မှုများကို လက်နက်ကိုင်နည်းဖြင့် ဖြေရှင်းခဲ့ကြ သော် လည်း စိတ်မချမ်းမြေ့ဖွယ် အကျိုးဆက်များသာကြုံတွေ့ခဲ့ကြရပါသည်။ မြန်မာနိုင်ငံ ပြည်သူလူထုသည် ပြည်တွင်းငြိမ်းချမ်းရေးကို ကာလ ကြာမြင့်စွာကပင် လွန်စွာလိုလား တောင့်တခဲ့ကြပါသည်။ ကရင်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများ အရေးအတွက် ကရင် အမျိုးသား အစည်းအရုံး၏ ရာစုနှစ်ဝက်ကျော် ကြိုးပမ်းမှုများကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ကိုယ်ချင်းစာနားလည်နိုင်ပါသည်။ ထို့အပြင် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်ပြီး ကရင်ပြည်သူလူထု တွေ့ကြုံခံစားနေခဲ့ကြရသည့် စစ်၏အနိဋ္ဌာရုံများမှ ကင်းဝေး စေရန် ဦးစီးဆောင်ရွက်ပေး ခဲ့ကြသည့် KNU / KNLA ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ အားလုံးကိုလည်း လေးစား ချီးကျူး ဂုဏ်ပြုလိုက်ပါသည်။

အာဃာတနှင့်အမုန်းတရားများကိုပစ်ပယ်ပြီးခွင့်လွှတ်သီးခံမှုနှင့်အမျှော်အမြင်ကြီးမှုကိုအခြေခံသော၊မာန်မာနများမပါအပြန်အလှန်လေးစား လိုက်နာသော၊အာဏာကိုအခြေမပြုပဲ သွေးစည်းညီညွတ်မှုကို ဖြစ်ထွန်းစေသောအခြေခံတရားများသည်သာတိုင်းပြည်အနာဂတ်နှင့် နောင်မျိုး ဆက်သစ်တို့အတွက် အလင်း ရောင်ဖြစ်သည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက အလေးအနက်ယုံကြည်ပါသည်။
တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ၊ အခွင့်အလမ်းနှင့်အဆင့်အတန်းအရတန်း တူညီမျှမှုများ၊ လူမျိုး ဘာသာမခွဲခြားဘဲ နိုင်ငံသားတိုင်းရရှိရမည့် နိုင်ငံသား အခွင့်အရေးနှင့် ပိုင်ခွင့်များ စသည်တို့ရရှိနိုင်မည့် ဒီမိုကရေစီစနစ်ကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ထွန်းရေးတွင် တိုင်းရင်းသားလူမျိုးများ အရေးသည်ပဓာနကျသောဆုံချက်နေရာတွင် ရှိနေပါသည်။    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) သည် တိုင်းရင်းသားလူမျိုးများ အရေးကို တစ်မျိုးသားလုံး အရေးအဖြစ် မှတ်ယူပါသည်။ 
နိုင်ငံတော်အတွင်း တပြေးညီဖွံ့ဖြိုးတိုးတက်နိုင်စေရန် တိုင်းရင်းသားလူမျိုးတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးနယ်ပယ် အသီးသီးတို့တွင် တန်းတူညီမျှပြည်ထောင်စုသားတို့၏ဘ၀ကို ပိုင်ဆိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ကိုယ့်ကြမ္မာကိုယ် ဖန်တီး နိုင်ခွင့်များရရှိရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီက အလေးအနက်ခံယူပါသည်။ ကရင်ပြည်နယ်အတွင်း တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ၏ အကျိုးကို KNU / KNLA ငြိမ်းချမ်းရေးကောင်စီနှင့် အတူတကွ  လက်တွဲ ဆောင်ရွက်နိုင်ခဲ့ သည့်အတွက်လည်း   အထူးပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ အနာဂတ်တွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့် ထားပါသည်။ 
KNU / KNLA ငြိမ်းချမ်းရေးကောင်စီ၏ ဦးဆောင်မှုအောက်တွင် (ထို့ကော်ကိုး) နော်တထာမြို့ တော် ဒေသမှတိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများအားလုံး နှစ်သစ်နှင့်အတူ အောင်မြင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိကြပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီက လှိုက်လှဲစွာ ဆန္ဒပြု ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစု
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရိလ ( ၁ ) ရက်။

No comments:

Post a Comment